International News

တရုတ်နိုင်ငံ၏ တိုင်းရင်းဆေး စျေးကွက်အခြေအနေ

Last Updated:

ယွိလင်မြို့သည် တရုတ်နိုင်ငံ၏ အကြီးမားဆုံး ဟင်းခတ်အမွှေးအကြိုင်စျေးကွက် တည်ရှိရာနေရာဖြစ်ပြီး လက်ရှိတွင် နှစ်စဉ်ဟင်းခတ်အမွှေးအကြိုင်ကုန်သွယ်မှု တန်ချိန် (၃၀၀,၀၀၀) မှ (၆၀၀,၀၀၀) အထိရှိပြီး ကုန်သွယ်မှုတန်ဖိုး ယွမ် (၃၀) ဘီလီယံရှိကာ တရုတ်တစ်နိုင်ငံလုံး စုစုပေါင်းကုန်သွယ်မှုပမာဏ၏ (၁၇) ရာခိုင်နှုန်းရှိကြောင်း သိရှိရပါသည်။ ဟင်းခတ်အမွှေးအကြိုင် များအနက် အချို့ကို အာဆီယံနိုင်ငံများမှ တင်သွင်းခြင်း၊ တင်သွင်းပြီးနောက် ယွိလင်မြို့မှ တရုတ်နိုင်ငံ၏ အနောက်မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းရှိ ပြည်နယ်များနှင့် ဟဲနန်ပြည်နယ်ကဲ့သို့ မြောက်ဘက်ပြည်နယ်များအထိ ဆက်လက်ဖြန့်ဖြူးလျှက်ရှိသည်။

ယွိလင်မြို့သည် ကွမ်ရှီး၏ အဓိက စိုက်ပျိုးရေးမြို့တော်တစ်ခုလည်းဖြစ်ပြီး ဟင်းသီး ဟင်းရွက်နှင့်သစ်သီးများ၊ မွေးမြူရေးလုပ်ငန်းများ၊ သစ်ထည်များ၊ ဟင်းခတ်အမွှေးအကြိုင်များ စသည်တို့ အတွက် အရေးကြီးသည့် ထုတ်လုပ်ရာနေရာလည်း ဖြစ်ပါသည်။ တရုတ် နိုင်ငံတောင်ဘက်ပိုင်းတွင် အကြီးဆုံးကုန်စည်ဖြန့်ဖြူးသည့်နေရာဖြစ်သည့်အပြင် တရုတ်နိုင်ငံ၏ တတိယအကြီးဆုံး တိုင်းရင်းဆေး ကုန်သွယ်မှုဈေးကွက် တည်ရှိရာမြို့လည်း ဖြစ်ပါသည်။

မြန်မာနိုင်ငံမှထွက်ရှိသည့် တိုင်းရင်းဆေးကုန်ကြမ်းများ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ စိုက်ပျိုးရေးထွက်ကုန်များ၊ ဆန်နှင့်ဆန်ကွဲတို့နှင့်ပတ်သက်၍ ဝယ်လိုအားများစွာရှိသည့် တရုတ် စျေးကွက်တစ်ခု ဖြစ်ပါသည်။ တရုတ်နိုင်ငံမှ ဟင်းခတ်အမွှေးအကြိုင်အဖြစ် နာနတ်ပွင့်ကို ချက်ပြုတ်ရာတွင် အများဆုံး အသုံးပြုကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် Herbal Oil ကဲ့သို့သော ဆေးဖက်ဝင်အဆီသည်လည်း တရုတ်စျေးကွက်သို့ ဝင်ရောက်ရန် အခွင့်အလမ်း ရှိပါသည်။ မြန်မာပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် တရုတ်ဈေးကွက် လိုအပ်ချက်များကို သိရှိပြီး တိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ခြင်းဖြင့် ခိုင်မာသောစျေးကွက်တစ်ခု ရရှိနိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

MITC News

Category: International News